ဝေါမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ(အခမဲ့) ဖွ၈့်လှစ် သင်ကြားပေး

ဝေါ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သင်ကြားပေးသော နွေရာသီအခြေခံအားကစားသင်တန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အားကစားခန်းမနှင့်အားကစားကွင်း၌ အားကစားနည်း(၃)မျိုးတို့ကို  အခမဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့  နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်ပတ်သက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန  မြို့နယ်အားကစားမှူး ဦးအောင်လင်းက “နွေရာသီတွင် လူငယ်များအတွက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များ အားကစားပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးသိရှိလာစေရန်၊ လူငယ်အချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးလာစေရန်၊ မြို့နယ်အားကစားပြိုင်ပွဲများမှတစ်ဆင့် ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင်အားကစားသမားပေါ်ထွန်းလာစေရန်၊ လူငယ်လူရွယ်များကြား မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးလာစေရန်နှင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် စသည်တို့ကို ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း” ပြောကြားသည်။

အဆိုပါ နွေရာသီအားကစားအခြေခံသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်စုစုပေါင်း လူဦးရေ(၁၀၀)ကျော်ခန့်အား အခြေခံဘောလုံးကစားနည်း အခြေခံကြက်တောင်ရိုက်နည်းနှင့် အခြေခံစားပွဲတင်၊တင်းနစ်ရိုက်နည်းများကို မတ် လ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)