ပွင့်ဖြူ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တောင်သူအကျိုးပြု ကျေးလက်ကုန်ထုတ်လမ်းများနှင့်စပ်လျဉ်း၍ ယိုယွင်းပျက်စီးမှု လျော့နည်းစေရန်နှင့် ရေရှည်အသုံးပြုသွားလာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ကုန်ထုတ်လမ်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးမြှင့်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ဘဏ္ဍာနှစ်အလိုက် ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုအခြေအနေများနှင့် ကုန်ထုတ်လမ်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းကိုဖွင့်လှစ်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်လွင်ဝေအောင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင် နိုင်ငံတော်နှင့် ပြည်သူပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကုန်ထုတ်လမ်းများ ရေရှည်ကောင်းမွန်အောင် ထိန်းသိမ်းရမည့် နည်းစနစ်များ၊ ယိုယွင်းပျက်စီးမှုဖြစ်ပေါ်လာပါက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်ထိန်းသိမ်းနည်းလုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာနှင့် လက်ပံချည်ပေါ်ကျေးရွာမှ ကျေးလက်ကုန်ထုတ်လမ်း ကြီးကြပ်မှုကော်မတီဝင် (၁၄)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရပြီး သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)