ကျောက်တံခါး မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချချက်များအနေဖြင့် စာတွေ့နှင့် လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်ပြီးနောက် အရင်းအနှီးနည်းနည်းဖြင့် လုပ်ငန်းတစ်ခုကို ကျွမ်းကျင်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်းတို့ကို ပြောကြားပါသည်။
သင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲပြုလုပ်နည်းများကို စာတွ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိသည်။
မြို့နယ်(ပြန်/ဆက်)