နတ်မောက် မတ် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ဖွင့်လှစ်သော ပညာဒါနသင်တန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ဦးစီးအရာရှိက ကျောင်းသား/သူလူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေန်၊ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူများအား အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံ(Grammar)သင်ကြားခြင်းဖြင့် အင်္ဂလိပ်စာစွမ်းရည်များတိုးတက်ပြီး ကျောင်းသင်တန်းစာများတွင် အထောက်အကူဖြစ်စရေန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) ကျောင်းအုပ်ဆရာကြီး ဦးဘိုမြတ်နိုင်က အင်္ဂလိပ်စာဘာသာရပ်၌ အခြေခံကျသည့် သဒ္ဒါပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာရေးနိုင်၊ ဖတ်နိုင်စေရန်နှင့် ကျောင်းသား/သူလေးများ ပညာရေးအပြင် ဘာသာရေးဖြစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း တက်ရောက်စေလိုကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းများသို့ မြို့ပေါ်ရပ်ကွက်များမှ ကျောင်းသား/သူ (၄၅)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၂)ပတ် သင်ကြားပေးသွားမည်ဖြစ်ကာ ဆရာ/မ (၃)ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်သည်။
လှဝင်း