မင်းဘူး မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် မင်းဘူးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ တာဝန်ရှိသူများက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာ၊ မော်တော်ယာဉ်၊ စက်ယန္တာယားကြီးများနှင့် မြို့ဧရိယာကို စောင့်ကြည့်လွှမ်းခြုံနိုင်သော မီးဘေးလုံခြုံရေးကင်မရာ (Command and Control Center Room) ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုလေ့လာခဲ့သည်။
မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းတွင် ခရိုင်နှင့် မြို့နယ်အတွင်းရှိ မီးသတ်ဦးစီးဌာနရုံးများမှ တပ်ဖွဲ့ဝင် သင်တန်းသား(၃၅)ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ အခြေခံကြိုးဆင်း၊ ကြိုးတက်၊ ကြိုးကူနည်းနှင့် အသက်ကယ်ကြိုးချည်နည်းစနစ်များ၊ မော်တော်ယာဉ်မတော်တဆဖြစ်စဉ် ကယ်ဆယ်ခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ခြင်း၊ ငလျင်ဘေး၊ မြေပြိုမှုနှင့်မုန်တိုင်းဘေးန္တရာယ်များ၌ ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများ၊ အသက်ရှူကိရိယာ (Breathing Apparatus Set)နှင့် အသက်ကယ်အင်္ကျီဝတ်ဆင်အသုံးပြုနည်း၊ Air Lifting Bags နှင့် Power Ascender များအသုံးပြု၍ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ Intellienge Lifebuoy အသုံးပြု၍ ရေပြင်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ Leader Sentry အသုံးပြု၍ အဆောက်အအုံတည်ငြိမ်မှု စောင့်ကြည့်ခြင်းနည်းစနစ်များနှင့် ခေတ်မီအရေးပေါ် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုပုံ စသည့် ဘာသာရပ်များကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ (၁၂)ရက်ကြာ ကာလတိုသင်တန်းအဖြစ် စာတွေ့၊ လက်တွေ့လေ့ကျင့်ခန်းဘာသာရပ်များဖြင့် စနစ်တကျ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)