မကွေး မတ် ၁၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာမှဖွင့်လှစ်သည့် တိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက တိုင်းဒေသကြီးအားကစားကွင်း ဖူဆယ်အားကစားခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနဲ့ နိုင်ငံတကာတွင်အောင်မြင်မှုရရှိစေရန်အတွက် ဇွဲ၊ လုံလ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားလူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာရေးဟာ အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်နေတာဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကိုအကျိုးရှိရှိအသုံးချတတ်စေရေး၊ အခြေခံအားကစားနည်းတစ်ရပ်ရပ်ကိုလေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီးအရည်အချင်းမြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရေး၊ ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာမှာပါတိုးတက်ဖွံ့ဖြိုးမှု ကောင်းကျိုးများရရှိလာနိုင်စေရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးနှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးစသည့် မြင့်မားတဲ့ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကိုဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင်ပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများကို အားကစားပြက္ခဒိန်များရေးဆွဲပြီး ကျင်းပပြုလုပ်နေသည့်အတွက် အားကစားကိုချစ်မြတ်နိုးသော လူငယ်မောင်မယ်များအနေဖြင့် ယခုလိုသင်တန်းများမှ သင်ယူတတ်မြောက်ထားသော အားကစားစွမ်းရည်များကို ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ပြသခွင့်ရရှိမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ပညာရေးကို ပေါင်းစပ်ပြီးသင်ကြားလိုသည့် ကျောင်းသား/ ကျောင်းသူများအတွက် Grade-8 မှ Grade-12 ထိ ကျောင်းအိပ်ကျောင်းစားဖြင့် စာသင်မပျက် အားကစားပါလေ့ကျင့်သင်ကြားပေးသောအားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၊ (မန္တလေး)၊ (တောင်ကြီး)၊ (မော်လမြိုင်)၊ (မုံရွာ)၊ (လွိုင်ကော်)နဲ့ (စစ်တွေ)ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အတွက် ဆက်လက်သင်ကြားလိုပါက တက်ရောက်သင်ကြားနိုင်မှာဖြစ်ပြီး အရည်အချင်းထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ ယခုလို နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့်အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာမှာ ဖြစ်သလို နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင် အားကစားသမားများလည်းပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ ယခုနီပေါနိုင်ငံတွင်ကျင်းပခဲ့သည့် လေးနိုင်ငံဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲတွင်အနိုင်ရဗိုလ်စွဲခဲ့သည့် အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည့် မကွေးတိုင်းဒေသကြီးမှ ဇွန်ယုယဦး ကျောနံပါတ် (၁၄) နဲ့ ယွန်းဝတီ လှိုင် ကျောနံပါတ် (၂၁) တို့ဟာ ဒီလို နွေရာသီသင်တန်းတွေက တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းပြီး လက်ရွေးစင်ကစားသမားများအဖြစ် တက်လှမ်းနိုင်ခဲ့တာဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းများတွင် အားကစားနည်းအလိုက်အောင်မြင်မှုများရရှိခဲ့သည့် အားကစားသမားများ/နည်းပြများမှ အခြေခံကျသည့်နည်းစနစ်များအလိုက် ကျွမ်းကျင်စွာလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် နည်းပြဆရာများ၏ သင်ကြားပေးမှုအပေါ် ယုံကြည်မှုရှိစွာနဲ့ အကောင်းဆုံးကြိုးစားသင်ယူကြစေလိုကြောင်းနှင့် သင်တန်းကရရှိလာမည့်နည်းစနစ်နှင့် ကျွမ်းကျင်မှုများကိုအခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကြပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားကာ၊ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် သင်တန်းသားများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းဆောင်ရွက်ခဲ့ပြီး၊ နွေရာသီ အခြေခံအားကစားသင်တန်းတွင်သင်ကြားမည့် အားကစားနည်းများမှသက်ဆိုင်ရာအားကစားနည်းအလိုက် သရုပ်ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ငွေများနှင့်သင်တန်းသားများအား သင်တန်းဝတ်စုံများနှင့် သင်ထောက်ကူအားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance & အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ တင်းနစ်၊ လက်ဝှေ့နှင့်ကရာတေးဒိုစသည့် အားကစားနည်း (၁၅) မျိုးကို သင်တန်းနည်းပြများက စနစ်တကျလေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ