မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကြာချည်ကိုအသုံးပြု၍ ကြာချည်(အတိုင်)ကျစ် နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေး မတ် ၁၁

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ကြာချည်ကိုအသုံးပြု၍ ကြာချည်(အတိုင်)ကျစ် နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပိုကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ မကွေးတိုင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် One Region One Product အဖြစ် ချည်ထည်လုပ်ငန်းတိုးတက်ရေးအတွက် မင်းလှမြိုနယ်၊ သဖန်းချောင်းကျေးရွာမှာ သဘာဝဆိုးဆေးသင်တန်း၊ ဓါတုဆိုးဆေးသင်တန်း၊ အထည်ဆေးရေးနည်းနှင့် ပန်းပုံရိုက်အခြေခံသင်တန်း၊ လက်ရက်ကန်းသင်တန်းများ သင်တန်းပိုချပြီး သင်တန်းသား(၁)ဦးလျှင် ရက်ကန်းစင်(၁)စင်နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့၍ ချည်ထည်လုပ်ငန်းရှင်(၁၀)ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီကနေ့မှာတော့ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဝက်သည်းကန်အနီးရှိ ရှမ်းရွာကုန်းကျေးရွာမှ ကျေးရွာသူများကို ဝက်သည်းကန်မှရရှိသော ကြာရိုးမှ ကြာမျှင်၊ ကြာမျှင်မှ ကြာချည်တို့ကို အသုံးပြု၍ တန်ဖိုးမြှင့် ဈေးကွက်ဝင်အထည်များ ရက်လုပ်နိုင်အောင် ကြာချည်(အတိုင်)ကျစ် နည်းပညာသင်တန်းကို ဌာနမှပို့ချပေးခြင်းဖြစ်ပါကြောင်း၊ ယခင်က ကြာပုဝါရက်လုပ်ရန် အဖောက်ချည်အတွက်သာရက်နိုင်ပြီး ဒီကနေ့သင်တန်းမှာတော့ သင်တန်းသူများအား အတိုင်ကျစ်နည်းစနစ်ကို သင်ကြားပိုချပေးတာဖြစ်တဲ့အတွက် အတိုင်ချည်ရော အဖောက်ချည်ပါ ပြုလုပ်တတ်ပြီး ကြာပုဝါတစ်ထည်လုံးကို ရက်ခတ်နိုင်တော့မှာဖြစ်ပြီး ထိုမှတဆင့် ကြာသင်္ကန်း ကြာချည်ထည်အမျိုးမျိုး ရတ်ခတ်နိုင်တော့မှာဖြစ်ကြောင်း၊ သင်တန်းသူများကို အတိုင်ကျစ်နည်းနည်းပညာကို ပိုချပေးခဲ့တဲ့အပြင် ကြာချည်ရက်လုပ်ရာမှာ အသုံးပြုတဲ့ လုပ်ငန်းသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးပြီး လုပ်ငန်းထူထောင်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် နည်းပညာများရရှိပြီး လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ ကြာကျစ်ခုံ၊ ရက်ဖောက်ခုံ၊ ချည်ချခုံများကို ထောက်ပံ့တာဖြစ်တဲ့အတွက် ကြာချည်လုပ်ငန်းကို မဖြစ်မနေကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း၊ ရက်ကန်းအခြေခံတတ်မြောက်ပြီး သင်တန်းသူများအနေနဲ့ ကြာချည်ပုဝါများကို ကိုယ်တိုင်ရက်လုပ်နိုင်မှာဖြစ်ပြီး ရက်ကန်းမတတ်မြောက်သေးသည့် သင်တန်းသူများသည်လည်း ကြာချည်အကြမ်းများမှ တစ်ဆင့်ကြာချည်အချောများဖြစ်တဲ့အထိ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်ကြမ်းဖြစ်သော ကြာကိုအခြေခံ၍ ကြာချည်ထုတ်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ပြီး ဈေးကွက်ဝင် ကြာချည်ထည်များ ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ကြာချည်ကို အသုံးပြု၍ ကြာချည်(အတိုင်)ကျစ် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးပြီးဖြစ်တဲ့အတွက် လုပ်ငန်းထူထောင်လာနိုင်ခြင်း၊ ကြာချည်များပိုမိုထွက်ရှိခြင်း၊ မိမိမိသားစုအား လက်ဆင့်ကမ်းနိုင်ခြင်း၊ မိမိရွာတွင်သာမက ပတ်ဝန်းကျင်ရှိ စိတ်ပါဝင်စားသူများကို ပညာရပ်များ လက်ဆင့်ကမ်းပေးပြီး မြန်မာ့ရက်ကန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီးရှိ ချည်ထည်လုပ်ငန်းများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က  ကြာချည်သင်တန်းနှင့်စပ်လျဉ်း၍  ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက သင်တန်းသူများအား ကြာကျစ်ခုံနှင့် ဆက်စပ်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြာချည်လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ကြာကျစ်ခုံ၊ ရက်ဖောက်ခုံ၊ ချည်ချခုံများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကို အားပေးကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ သင်တန်းသူ (၁၀)ဦးအား သင်တန်းနည်းပြများက မတ်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ