ဝေါ မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များစုပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က ကြုံတူစေတီတော်မြတ်ကြီးရှေ့တွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ (၃၄) ကြိမ်မြောက်၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးဖွင့်ပွဲအား နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ကာ၊ အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်မုခ်ဦးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်း၊ အဖွဲ့ဝင် ဦးကြည်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအအရာရှိ ဦးသိန်းထွန်း၊ ကြုံတူစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ဂေါပကအဖွဲ့ဝင် ဦးမောင်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ စေတီတော်မြတ်ကြီးအား လက်ယာရစ် (၁) ပတ် လှည့်လည်ပူဇော်ဖွင့်လှစ်ပေးသည်။
ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များ ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ သက်တော် (၈၀) နှစ်နှင့်အထက်၊ ဝါတော် (၅၅) ဝါနှင့် အထက်ရှိသော သက်တော်ရှည်ဆရာတော်ကြီး (၁၁) ပါးအား ပူဇော်ကန်တော့ပြီး၊ စေတီတော်ရင်ပြင်တွင် ကျောင်းတိုက်ပေါင်း (၁၆၈) တိုက်မှ သံဃာတော် (၁၆၈) ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို မတ်လ ၁၃ ရက်နေ့ (တပေါင်းလပြည့်နေ့) တွင် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)