သဲကုန်း​မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရွှေသဲကုန်းဓမ္မစကူးလ်၏ သတ္တမအကြိမ်မြောက် သင်တန်းဆင်း​အောင်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ

သဲကုန်း မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရွှေသဲကုန်းဓမ္မစကူးလ်၏ သတ္တမအကြိမ်မြောက် သင်တန်းဆင်း​အောင်ပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၈) ရက်နေ့က ရပ်ကွက် (၄) ပေါက်တောရပ် တပ်မင်္ဂလာတိုက်ကျောင်း၌ ကျင်းပခဲ့​သည်။

ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိတ်သတ် အပေါင်းနှင့် ဒါယိကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတ်ို့က ရွှေသဲကုန်းဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ဩဝါဒစရိယဆရာတော်ဖြစ်တော်မူသော တပ်မင်္ဂလာတိုက်ကျောင်းဆရာတော် ဦးဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ သဲကုန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦး​သြသဓက အဖွင့်သြဝါဒကထာ မြွတ်ကြားချီးမြှင့်ခဲ့ပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက သာသနာရေးဆိုင်ရာများ လျှောက်ထားပန်ကြားခဲ့သည်။ ထို့နောက် သင်တန်းပြီးဆုံးအောင်တက်ရောက်ကြသည့် ဓမ္မစကူးလ်သင်တန်းသား/ သင်တန်းသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့် တာဝန်ရှိသူများက သင်တန်းဆင်းအောင်လက်မှတ်များနှင့် အမှတ်တရလက်ဆောင်များအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဓမ္မစကူးလ်ကော်မတီ အတွင်းရေးမှူး အရှင်က္ကန္ဒကကဝမ်းမြောက်ကြောင်းစကားမြွတ်ကြားချီးမြှင့်ခဲ့၍၊ ရွှေသဲကုန်းဓမ္မစကူးလ် ကောမတီဥက္ကဋ္ဌ ဦးအောင်သိန်းက ကျေးဇူးတင်စကားလျှောက်ထားပန်ကြားကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။

ဆက်လက်၍ နိဗ္ဗာန်ဈေးပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ မြို့နယ်သာသနာ​ရေးဦးစီးမှူး ဦးစောငြိမ်းသောင်း၊ ​ရွှေသဲကုန်းဓမ္မစကူးလ်ကော်မတီတာဝန်ခံဆရာတော်နှင့် ရွှေသဲကုန်းဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းတို့က ဖဲ​ကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ နိဗ္ဗာန်စျေးပွဲ​တော်ကို ဆိုင်ခန်းပေါင်း (၆၇) ​ကျော်ဖွင့်လှစ်ထားရှိပြီး သဲကုန်းမြို့နယ်အတွင်းရှိ စေတနာအလှူရှင်များ လှူဒါန်း​သော ကော်ဖီ၊ လက်ဖက်ရည်များနှင့် ဖျော်ရည်များ၊ မြန်မာ့ရိုးရာမုန့်များ၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်စသည့် စားသောက်ဖွယ်ရာများကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ ဓမ္မစကူးလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် စည်းကားသိုက်မြိုက်စွာ တပျော်တပါး စားသောက်၍ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)