မိုးညို မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံးခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းအချိန်က မိုးညိုမြို့၊ ဇောတိကရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော် ဦးဆောင်မှုဖြင့် သန္ဓေ/အရန်မီးသတ်တပ် ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ဇောတိကရပ်ကွက်အတွင်းရှိ လူနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ပြီး မီးကိုစနစ်တကျအသုံးပြုကြရန်၊ ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိနိုင်ရေး၊ လျှပ်စစ်သုံးစွဲရာတွင် ကောင်းမွန်သောဝါယာကြိုးများ တပ်ဆင်အသုံးပြုနိုင်ရေး၊ မီးလောင်လွယ်သော သက္ကယ်၊ ကောက်ရိုးများအားစနစ်တကျထားရှိရေး၊ အမှိုက်များအား ရှင်းလင်းဆောင်ရွက်နိုင်ရေး စသည့်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ စျေး၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများ၊ တည်းခိုခန်းများ၊ စက်သုံးဆီဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစစ်ဆေးအကြံပြု သတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မြို့နယ်အတွင်းရှိ ထိန်တော၊ ရေကင်း၊ ပတ္တော်၊ ဆင်မနိုင် နယ်မြေမီးသတ်စခန်းများမှ တာဝန်ရှိသူများကလည်း ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)