ကျွန်းလှ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသ

ကျွန်းလှ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ယနေ့နံနက် ၁၀ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်းအရင်း၊ ကလေးအလုပ်သမားအများဆုံးတွေ့ရသည့် အလုပ်အမျိုးအစားနှင့် အလုပ်ဌာန၊ ကလေးအလုပ်သမားဆိုင်ရာ ဥပဒေ၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသူများကို အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)