မင်းဘူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံး ဖွင့်လှစ်

မင်းဘူး မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံး ဆိုင်းဘုတ်အသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဆိုင်းဘုတ်အသစ် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းတို့က (CICC) ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး မင်းဘူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်း ဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ်ရုံးဝန်ထမ်းများက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center(CICC)ရုံး ဖွင့်လှစ်ထားရှိမှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူနှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များအကြား အစားအသောက်နှင့် အသုံးအဆောင်ကုန်စည် ဝန်ဆောင်မှုများဖြစ်သော ကျန်းမာရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့်ဆက်သွယ်ရေး စသည့် ဝန်ဆောင်မှု ကဏ္ဍများနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါက ဆက်သွယ်တိုင်ကြားနိုင်ရန်ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ထို့သို့ဆက်သွယ်တိုင်ကြားရာတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ Consumer Information and Complaint Center(CICC) ရုံးများရှိရာသို့ လူကိုယ်တိုင်သွားရောက်၍ သော်လည်းကောင်း၊ Call Center ဖုန်းနံပါတ် 1535 နှင့် Internet online တို့မှတစ်ဆင့် ဆက်သွယ်ပြီး တိုင်ကြားဆောင်ရွက်နိုင်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)