အောင်လံ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည် မတ်လ ၈ ရက်နေ့က အောင်လံမြို့နယ်၊ စက်ရုံရပ်ကွက်ရှိ အသင်းစုပိုင် မြေနေရာသို့ သွားရောက်၍ ဆီကြိတ်ခွဲရေးလုပ်ငန်း၊ ပဲခွဲစက်နှင့် ရာသီအလိုက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဆီကြိတ်ခွဲရေးလုပ်ငန်း၊ ပဲခွဲစက်နှင့်ရာသီအလိုက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်အသင်းစုဥက္ကဋ္ဌတို့အား လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက ဒုရင်္ဂဗိုလ်ကျေးရွာ၊ ရွာထောင်မျိုးစေ့ထုတ် သမဝါယမအသင်းဥက္ကဋ္ဌနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အမှုဆောင်များနှင့် တွေ့ဆုံကာ စပါးကြိတ်ခွဲစက်၊ စပါးအခြောက်ခံစက်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်မှုကို ဦးစီးဌာနသို့ ဆက်လက်တင်ပြသွားရန် မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ နံဇူပင်ကျေးရွာရှိ နွေစပါးစိုက်ပျိုးသူ အသင်းသား/တောင်သူများနှင့်တွေ့ဆုံကာ အသင်းသားများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)