ကန့်ဘလူ မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဥ်ခြံဟင်းသီးဟင်း ရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲအောက်ရှိ ကန့်ဘလူဥယျာဥ်ခြံ၌ သရက်စိုက်ခင်းအတွင်း စိုက်ပျိုးထားသော မျိုးစေ့ထုတ် ကြက်သွန်နီ(ရွှေဖလား)သီးနှံများနှင့် ခရမ်းသီး(ညိုလုံးကြီး)သီးနှံ မျိုးကောင်းမျိုးသန့် များကို သီးနှံသစ်တောရောနှောစိုက်ခင်း(Agro Forestry) ပုံစံဖြင့် စိုက်ပျိုးထားပြီး ဒေသတွင်းတောင်သူများ၊ စိုက်ပျိုးရေးဝါသနာပါသူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေးအတွက် မျိုးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်စိုက်ပျိုးထားသော မျိုးစေ့ထုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
" သီးနှံသစ်တောရောနှောစိုက်ခင်းဆိုသည်မှာ တစ်ရာသီအတွင်း ရိတ်သိမ်းစားသုံနိုင်တဲ့ သီးနှံတွေနဲ့ နှစ်ရှည်ပင်တွေ ၊အရိပ်ရပင်တွေကို တစ်နေရာထဲမှာ ရောနှောစိုက်ပျိုးခြင်းကို ဆိုလိုပါတယ်။ ဒီသီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဖြင့် သရက်သီးနှံအတွက် ဝင်ငွေရရှိနိုင်တဲ့အပြင် သရက်သီးနှံပင် ကြားအတွင်း စိုက်ပျိုးထားသောမျိုးစေ့ထုတ် ကြက်သွန်နီနဲ့ခရမ်းသီးနှံများအတွက်လည်းဘဲ ဝင်ငွေရရှိခြင်းကြောင့် စီးပွားရေးတွက်ခြေကိုက်ရုံသာမက ပတ်ဝန်းကျင်ဂေဟစနစ်ကိုပါ ထိန်းသိမ်းနိုင်ပါတယ် " ဟု ကန့်ဘလူဥယျာဥ်ခြံတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးနိုင်က ပြောပြသည်။
ထို့ပြင် ပူပြင်းသောရာသီတွင် ရာသီပေါ်သီးနှံများအပေါ် အပင်ကြီးများက ကာကွယ်ထားခြင်းကြောင့် လေဒဏ်မိုးဒဏ်ကိုကာကွယ်ပေးထားသည့်အပြင် ပိုးမွှားရောဂါများကျရောက်ပါကလည်း အပင်ကြီးများမှ ကာကွယ်ပေးထားသည်။ ရာသီပေါ်သီးနှံပင်များကို အပင်ကြီးများက လေကာ၊ ရေကာသဖွယ် ကာကွယ်ပေးထားသောကြောင့် မြေဆီလွှာတိုက်စားမှုကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။ သရက်သီးနှံနှင့်ရောနှောစိုက်ပျိုးထားခြင်းကြောင့် ကြက်သွန်နီ မျိုးစေ့ထုတ်စိုက်ခင်းနှင့်ခရမ်း သီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ ရေပေးသွင်းရာတွင်လည်း သရက်သီးနှံအတွက်ပါ အကျိုးဖြစ်ထွန်းပြီး အရည်အသွေးကောင်း သရက်သီးများ ရရှိနိုင်ကြောင်း သိရသည်။
အဆိုပါမျိုးစေ့ထုတ် ကြက်သွန်နီနှင့် ခရမ်းသီးများ တစ်ဧကစီကို နိုဝင်ဘာလက စိုက်ပျိုးထားပြီး ရက်ပေါင်း (၁၅၀) ခန့်တွင် ရိတ်သိမ်းခူးဆွတ်နိုင်ကာ ဒေသတွင်းတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရန် မျိုးများကို စက်တင်ဘာ/အောက်တိုဘာလတွင် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်းနှင့် ကန့်ဘလူဥယျာဥ်ခြံအနေဖြင့် စိန်တစ်လုံးသရက် ပျိုးပင်ကိုင်းဆက်၊ ကြက်သွနီမျိုးစေ့များ၊ ခရမ်းမျိုးစေ့များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည့်အပြင် ဒေသတွင်းရှိတောင်သူများ၊ စိတ်ပါဝင်စားသူများအား စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)