ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးစပ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဖြူး မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိစေရေး မြန်မာကဗျာရေးစပ်နည်း အခြေခံကို သိရှိနားလည်စေရန်အတွက်ရည်ရွယ်၍ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်ကာ သင်တန်းဆန်းစစ်မှုအနေဖြင့် အခြေခံကဗျာရေးစပ်ပြိုင်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၅) ဦးအား (၃-၃-၂၀၂၅) ရက်နေ့မှ (၉-၃-၂၀၂၅) ရက်နေ့ထိ နံနက် (၉) နာရီမှ (၁၂) နာရီအချိန်အတွင်း အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်း၏ သင်ကြားတတ်မြောက်မှု ဆန်းစစ်မှုအနေဖြင့် "လာစေချင်သည် ဖြူးမြို့ဆီ" ခေါင်းစဉ်ဖြင့် လေးလုံးစပ် ကဗျာရေးသားနည်း​ဖြင့် ရေးသားယှဉ်ပြိုင်ခဲ့ကြပြီးနောက် နံနက် (၁၁) နာရီအချိန်၌ ပြိုင်ပွဲတွင်ထူးချွန်ဆုများချီးမြှင့်ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဥ္စမဆု၊ အထူးဆု(၁)၊ အထူးဆု (၂) များ ချီးမြှင့်ခြင်း၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာများအား ဉာဏ်ပူဇော်မှုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)