မင်းဘူး မတ် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် ဘုရားပွဲတွင် မန်းချောင်းအပန်းဖြေဆင်စခန်းမှ ဆင်များစီးပြီး တောတောင် စိမ့်စမ်းနှင့် သဘာဝအလှအပတရားများကို ကြည့်ရှုခံစားနိုင်ကြကြောင်း မင်းဘူးမြို့ သစ်ထုတ်ရေးဒေသမှ သိရသည်။
ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းသည် ရွှေစက်တော်ဘုရားအနီး မန်းချောင်းဘေး ဧက ၇၀၀ ရှိသောပန်းတောင်း- ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောတွင် တည်ရှိကာ ကြည်လင်အေးမြသော စိမ့်စမ်းရေ နှင့် စိမ်းစိုပြီးသာယာလှသည့် သဘာဝအလှအပတရားများနှင့် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်မှ ရွှေသမင်၊ ကြယ်လိပ်နှင့် ငှက်မျိုးစိတ်များစွာကိုလည်း ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းကို မကွေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးကို အခြေခံ၍ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော (Com-munity Base Toursim) လုပ်ငန်းများ ထွန်းကားလာစေရန်၊ ဆင်များ၏ အလေ့အထအမူအကျင့်နှင့် နေထိုင်မှုသဘာဝများကို သိရှိနားလည်ပြီး ဆင်များအပေါ် ချစ်ခင်မြတ်နိုးတတ်စေရန်၊ Eco-tourism ဖွင့်လှစ် ထားရှိခြင်းဖြင့် မြန်မာ့သဘာဝတောတောင်ရေမြေ၏ အလှအပတရားများကို ခံစားတတ်လာပြီး ထိန်းသိမ်း စောင့်ရှောက်လိုစိတ်များ ပေါ် ပေါက်လာကာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို အထောက်အကူ ဖြစ်စေရန်၊ အစိမ်းရောင် စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိစေရန်စသော ရည်ရွယ်ချက် များဖြင့် ဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှာ ရွှေစက်တော်ဘုရားမှ နှစ်မိုင်သာဝေးကွာတာကြောင့် စက်တော်ရာ ပါဒခြေတော်ရာနှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းသို့လာကာ ဆင်များစီးပြီး မန်းချောင်း တစ်လျှောက်ရှိလှပပြီး၊ အေးချမ်းလှသည့် တောတောင်ရေမြေနှင့် သဘာဝအလှ အပတရားများကို ကြည့်ရှု ခံစားလိုပါက မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတော့သည်။
ဇေယျာနိုင်(ရွှေကန်မြေ)