ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ဆီးသီးဈေးနှုန်း တစ်တင်း ၁၂၀၀၀ ကျပ် ရောင်းချနေရ

ညောင်ဦး မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ်ဆီးသီးသီးနှုန်းကောင်းပြီး ဆီးသီးမှည့်ချိန် ဆီးသီးဈေးနှုန်း တစ်တင်း ၁၂၀၀၀ ကျပ် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အချစ်ကလေး ဆီးယို/ဆီးထုတ်လုပ်ငန်းရှင်ထံက သိရသည်။

ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့တွင် ယခုနှစ် ဆီးသီးအသီးများကာ ဆီးပင်ပိုင်ရှင်များ ဆီးသီးတစ်တင်း ၁၂၀၀၀ ကျပ်ရောင်းချခဲ့ရကြောင်းနှင့် ဆီးပင်တစ်ပင်ငါးတင်းလောက်ထိ ကောက်ရောင်းခဲ့ရကာ ဒီနှစ်ဆီးသီးအသီးများကြောင်း အချို့ဆီးပင်များ နည်းနည်းပါး ပါးသီးသော်လည်း အသီးလုံးညှပ်(သေး)ပြီး ရောင်းပန်းမလှနိုင်ကြောင်း ကုလားတဲ ကျေးရွာမှ ဆီးခြံပိုင်ရှင် ဦးမိုးညိုက ပြောကြားသည်။ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တွင် ဆီးပင်များ ခြံဖြင့်စိုက်ပျိုးသူရှားပါးပြီး ယာခင်းခြံစည်းရိုးစပ်နှင့် ထန်းပင်တန်းကြားတွင် အလေ့ကျပေါက် သည့် ဆီးပင်များအား ပေါင်းမြက်ရှင်းလင်းကာပြုစုပြီး အသီးသီးချိန်ကောက်ယူရောင်းချကြကြောင်း ငါ့သရောက်နယ်ရှိ ဆီးသီးမျိုးများ သည် ဒေသမျိုးရင်းများဖြစ်ကာ ဆီးပင်အများစု ဆီးချဉ်ပင်များဖြစ်ကြကြောင်း၊ ညောင်ဦးမြို့နယ်မှ ထွက်ရှိသည့်ဆီးသီးများ ပခုက္ကူဈေးကွက်သို့ ရောင်းချကြပြီး ငါ့သရောက်မြို့နယ်မှထွက်ရှိသည့်ဆီးသီးများကို ငါ့သရောက်မြို့ပေါ်ရှိ ဆီးငန်သီးလုပ်ငန်းရှင်များထံသာ သွားရောက်ရောင်းချရကြောင်း သိရသည်။ ဆီးပင်များ တစ်နှစ် ဆီးသီးပြီးချိန် တန်ပေါင်း၊ တန်ခူးလများတွင် ဆီးသီးချိန်ပြီးကာ လာမည့်နှစ် အသီးကြီးရန်နှင့် ဆီးပင်၊ ဆီးညောင်းသန်ရန် အပင်အားခုတ်ပစ်ရပြီး ဆီးကိုင်းဆူးများအား ယာခင်းခြံစည်းရိုး၊ အိမ်ခြံစည်းရိုးများ(တပ်စည်းအရပ်အခေါ်) လုံခြုံစေရန် ကာရံကြကြောင်းသိရကာ ယခုနှစ် ဆီးပင်များ အသီးသီးနှုန်းများခြင်းကြောင့် မနှစ်က တစ်တင်း ၁၀၀၀၀ ကျပ် အောက်သာ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် မကြုံဖူးသည့်ဈေးနှုန်းဖြစ်ခဲ့ကာ ဆီးသီးတစ်တင်း ၁၂၀၀၀ ကျပ်ထိရောင်းချနေရခြင်းကြောင့် ဆယ်နှစ်အတွင်း ဆီးသီးဈေးနှုန်းမမျှော်လင့်သည့်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် တူရွင်းတိုင်ကျေးရွာ တောင်သူဦးမိုးသိန်းကပြောကြား၍ သိရသည်။

ဒီပါလင်း