ပွင့်ဖြူ မတ် ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားရှိသော ပွင့်ဖြူမြို့ (အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် ပွင့်ဖြူမြို့( အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ (အ.ထ.က)စာစစ်ဌာနသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မကြာမီကာလတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပတော့မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စာသင်ကျောင်းဆောင်များ၊ စာဖြေခန်းများနှင့် ကျောင်းပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်း၊ လျှပ်စစ် မီးကြိုးများ သွယ်တန်းထားရှိမှုနှင့်ပတ်သက်၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကာကွယ်ရေး သုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အရေးပေါ်မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင် ထားရှိမှုနှင့် ပြင်ပမှမီးကူးစက်ပြန့်ပွားမှု မရှိစေရေး သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မီးဘေးလုံခြုံရေးအတွက် ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)