သနပ်ပင် မတ် ၉
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် သနပ်ပင်မြို့နယ်၊ မင်းရွာတိုက်နယ်ဆေးရုံကြီးသို့သွားရောက်၍ သနပ်ပင်မြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများကွင်းဆင်းဆောင်ရွက်ပေးကြသည်။
သနပ်ပင်မြို့နယ်အတွင်းရှိ ရဟန်း၊ရှင်၊လူပြည်သူများအား ဆေးကုသမှုများပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင် (၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်(အထွေထွေရောဂါ)၊
ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊အရေပြား၊သွား စသည့်ဘာသာရပ်(၈)ခုမှ အထူးကုဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့်ပြည်သူလူထုအတွင်း ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးကြကြောင်းသိရသည်။
အဆိုပါကွင်းဆင်ဆေးကုသမှုပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီးဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့ခုတင် (၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး၊ သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သနပ်ပင်မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်စောထွန်းတို့က လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သနပင်မြို့နယ်၊ မင်းရွာတိုက်နယ်ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများပြုလုပ်ပေးရာတွင် သမားတော် (အထွေထွေရောဂါလူနာ) (၁၈၆)ဦး၊ ခွဲစိတ်လူနာ(၄၇)ဦး၊ သားဖွားမီးယပ်လူနာ (၂၀)ဦး၊ ကလေးလူနာ(၁၈)ဦး၊ အရိုးလူနာ(၁၀၄) ဦး၊ မျက်စိလူနာ(၁၂၈)ဦး၊ အရေးပြားလူနာ (၄၂)ဦး၊ သွားရောဂါလူနာ(၆၃)ဦး၊ စုစုပေါင်းလူနာ (၆၀၈)ဦးတို့အား ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့သည့်အပြင် အသေးစားခွဲစိတ်မှု(၃)ခုပြုလုပ်ပေးခဲ့ပြီး သနပ်မြို့နယ်၊ မင်းရွာတိုက်နယ် ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)