ဆိပ်ဖြူ မတ် ၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလေးများအတွက် နွေရာသီ အခြေခံ/အဆင့်မြင့် ပန်းချီသင်တန်းအခမဲ့ ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီ မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် အခြေခံ/အဆင့်မြင့် ပညာရပ်ရပ်များ ဆည်းပူးလေ့လာနိုင်စေရန်နှင့် ပန်းချီပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခမဲ့ပန်းချီသင်တန်းများ ဖွင့်လှစ်ပေးကြောင်းသိရှိရပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း၊ ပန်းချီပညာရှင် ဆရာဦးဇော်ဇော်လင်းက ယခုနှစ် သင်ကြားပေးမည့် ဘာသာရပ်များနှင့် သင်တန်းချိန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးရုံးနှင့် အလှူရှင်များက လှူဒါန်းသည့် ပန်းချီသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက သင်တန်းဆရာထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
နွေရာသီပန်းချီသင်တန်းအခြေခံ၌ ကျောင်းသား/ကျောင်းသူ (၅၅) ဦး၊ အဆင့်မြင့် ပန်းချီသင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၁၂) ဦး တက်ရောက်ကြောင်း၊ အခြေခံပန်းချီ သင်တန်းရှိ ကျောင်းသား/ကျောင်းသူလေးများအား အခြေခံပန်းချီရေးဆွဲနည်း၊ ဆေးရောင်ခြယ်ရေးဆွဲနည်းများ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ အဆင့်မြင့်ပန်းချီသင်တန်း၌ ခဲပန်းချီ၊ ဆေးရောင်စုံ ရေဆေးနှင့် သဘာဝပတ်ဝန်းကျင်ပန်းချီရေးဆွဲခြင်း စာတွေ့လက်တွေ့ ရေးဆွဲခြင်းများအပြင် ပန်းချီပညာရပ် သင်ခန်းစာများအား သင်ကြားပေးသွာမည်ဖြစ်ကြောင်း ပြောကြားသိရသည်။
စိုးလင်းနိုင်(IPRD)