ပန်းတောင်း မတ် ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းဒေသကြီးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့မစခန်းမှူး ဒုတိယရဲမှူးမျိုးမင်း၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါ၍ ရှေးဦးစွာ နဝဒေး-ဆင်တဲ တောင်ပတ်ကားလမ်း၌ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဖောင်းကန်ရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းပါးပြိုမှု ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျောင်းဦးကျေးရွာအုပ်စု၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၁၃၈/၀) မိုင်၌ လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၊ ပြည်-တောင်ကုတ်ကားလမ်း AC လမ်း (၁) ဖာလုံ ခင်းကျင်းပြီးစီးမှုအခြေအနေနှင့် ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ တောင်ပို့ကွင်း-မကျီးကုန်း-ရုံးပုကျေးလက်လမ်း ဖောက်လုပ်ထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)