ဂန့်ဂေါ မတ် ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုစတင်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသမှုဆောင်ရွက်ပေးခြင်းများကို ယနေ့နံနက်(၉)နာရီက အ.ထ.က(မြို့မ)ကျောင်းနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းတို့တွင် ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကုသဆောင်ရွက်မှုကို ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင်ဦးဆောင်သည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစန်းဝင်းနှင့်ကျန်းမာရေးဌာနမှဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အမည်စာရင်းရေးသွင်းပြီး သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများအားအခမဲ့ပေးဝေခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ ဂန့်ဂေါမြို့၌ ၂၀၂၅ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် အ.ထ.က(မြို့မ)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ စုစုပေါင်း(၁၀၀)ဦးတို့အား တက္ကသိုလ်ဝင်စာမေးပွဲကိုကျန်းမာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါကွင်းဆင်းကုသဆောင်ရွက်မှုများကို မြို့နယ်ပညာရေးမှူး ဒေါ်တင်မိုးဟန်နှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာများက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)