မင်းဘူး(စကု)မြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေ ပဉ္စမမူကြမ်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး မတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြေပြင်လူဦးရေစာရင်းမှန်ကန်စေရေးနှင့် လာမည့်ရွေးကောက်ပွဲကျင်းပချိန် အထောက်အကူပြုစေရန် အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေ ပဉ္စမမူကြမ်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများဦးဆောင်ပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်းရှိ/မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်းစာရင်းများအတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်းလုပ်ငန်းများအပြင် လိုအပ်သောတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်း သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို မင်းဘူးခရိုင် (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အတူ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားရင်းဇယားအချက်အလက်များ တိကျမှန်ကန်စေရေးနှင့် အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေးနှင့် လာမည့်ရွေးကောက်ပွဲကျင်းပချိန် အထောက်အကူပြုစေရေး အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေ ပဉ္စမမူကြမ်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်မှ မတ် ၁၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း၊ မင်းဘူး(စကု)မြို့နယ်၌ မြို့ပေါ်ရပ်ကွက်ကြီး (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၇)အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု (၇၄)အုပ်စုရှိသည့်အနက် ယနေ့အထိ ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၅၀)ကျော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ ကျန်ရှိသော မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)