နတ်တလင်း မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် (Grade - 5) နှင့် (Grade - 9) ပြီးမြောက်မှုစာမေးပွဲကို ယနေ့နံနက် ၉ နာရီကစတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။
နတ်တလင်းမြို့နယ်တွင် အခြေခံပညာကျောင်း (၂၃၇) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်း စုစုပေါင်း (၂၃၉) ကျောင်းရှိရာ အခြေခံပညာမူလတန်းအဆင့် ခရိုင်စစ် Grade - 5 (သင်ရိုးသစ်) စာမေးပွဲကို စာစစ်ဌာန (၂၆) ခုဖွင့်လှစ်၍ မတ်လ ၃ ရက်မှ ၇ ရက်နေ့အထိ နံနက် ၉ နာရီမှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၁၇၄၄ ဦး၊ အခြေခံပညာ အလယ်တန်းအဆင့် တိုင်းအဆင့် Grade- 9 (သင်ရိုးသစ်) စာမေးပွဲကို စာစစ်ဌာန (၉) ခုဖွင့်လှစ်၍ မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့ထိ နံနက် ၉ နာရီမှစတင်ကာ ကျင်းပလျက်ရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၀၁၁) ဦးတို့မှ အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)