မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မြို့သစ် မတ် ၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကာလ၌အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင်အခြေခံကျကျရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre ) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်ဖြစ်သည့် ပန်းချီဆရာဦးတင်မောင်ဝင်းက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ကာ အခြေခံပန်းချီရေးဆွဲရာတွင် ပါဝင်ရမည့်အချက်များ၊ ပန်းချီရေးဆွဲမည့်ပုံစံအမျိုးမျိုး၊ အရောင်ခြယ်ပုံခြယ်နည်း၊  အလင်းအမှောင်နှင့်ပန်းချီရေးဆွဲနည်းဆိုင်ရာအကြောင်းအရာများကို သင်ကြားပြသပေးမည်ဖြစ်သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၃)ဦးတက်ရောက်ကာ မတ်လ (၁) ရက်နေ့မှ (၃၁)ရက်နေ့အထိ၊ ညနေ (၄) နာရီမှ (၅) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)