နတ်မောက် မတ် ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲလျော့ကျစေရန်ရည်ရွယ်၍ နဘူးကွဲကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဧကာဒဿမ စက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ၊ အသင်းဝင်များအနေဖြင့် အတိုးအရင်းများကိုသတ်မှတ်ရက်အတွင်း အချိန်မီပေးသွင်းနိုင်စေရေးအလေးထားဆောင်ရွက်ကြစေလိုကြောင်း ကျေးရွာနေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓာတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နဘူးကွဲကျေးရွာ၌ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၅ ဦး ငွေကျပ် ၅၆ ဒသမ ၂ သန်း စုစုပေါင်း အသင်းသား/ အသင်းသူ ၁၂၅ ဦး ကို ဧကာဒဿမ အကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၆ ဒသမ ၂ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မူမူစန်း