မင်းဘူး မတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား၌ ပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဘုရားပွဲတော်ရာသီအတွင်း တပေါင်းလဆန်း ၉ ရက်နေ့၌ ရွတ်ဖတ် ပူဇော်သွားမှာဖြစ်ကြောင်း ဂေါပကဥက္ကဌ ဦးအေးကိုထံမှ သိရသည်။
ရွှေစက်တော်ဘုရားတွင် နှစ်စဉ် နှစ်တိုင်း တပေါင်းလရောက်တိုင်း ပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိရာ ယခုနှစ်၊ ၁၃၈၆ ခုနှစ် တပေါင်းလဆန်း ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ ၇ ရက်တိုင် ရွတ်ဖတ်ပူဇော်ပြီး၊ ၁၅ ရက်၊ တပေါင်းလပြည့်နေ့တွင် ဘုရားအမှူးရှိသော သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူသွားမှာဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။
“ကျွန်တော်တို့ ရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း မင်းဘူးမြို့ပေါ်မှ ဌာနဆိုင်ရာများ၊ နယ်နယ်အရပ်ရပ်မှဘုရားဖူးပြည်သူများ၊ ဈေးဆိုင်နှင့်တည်းကျောင်းပိုင်ရှင်များ ဂေါပကအဖွဲ့ဝင်များစုပေါင်း၍ လောင်းလှူသွားမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း စည်စည်ကားကားလောင်းလှူကြသလို ယခုနှစ်မှာလည်း တစ်ပျော်တစ်ပါး စည်ကားသိုက်မြိုက်စွာ လောင်းလှူကြမှာပါ” ဟု ရွှေစက်တော်ဘုရား ဂေါပကဥက္ကဌ ဦးအေးကိုက ပြောသည်။
ဇေယျာနိုင်(ရွှေကန်မြေ)