ပဲခူးမြို့ တောင်သူလယ်သမား‌နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများ

ပဲခူး မတ် ၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲပြိုင်ပွဲနှင့် MSME ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်ကို ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအနီး၌ မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကို အခုလိုကြား သိခဲ့ရသည်။

ဦးစိုင်းလှအောင် ( တိုင်းဒေသကြီး ဦးစီးမှူး စိုက်ပျိုးရေးဦးစီးဌာန)

၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ တောင်သူ တွေကို အောင်မြင်ဖြစ်ထွန်းနတဲ့ စိုက်ခင်းတွေ သစ်သီးဝလံပန်းမန်ပြခန်းတွေ စိုက်ပျိုးရေးဆိုင်ရာ အော်ဂဲနစ် သွင်းအားစုပြခန်းတွေ မွေးမြူရေးဆိုင်ရာပြခန်းတွေကို ပြသနိုင်ဘို့ ကြိုတင်ပြင်ဆင် မှုတွေအများကြီး ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့အခမ်းအနားမှာ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နွေစပါးအပါအဝင်နဲ့ သီးနှံ ၁၀ မျိုးကိုပန်းတိုင် အထွက်နှုန်းထက် ကျော်လွန်စိုက်ပျိုးနိုင်တဲ့ဆု၊  ခရိုင် ခြောက်ခုက ဒေသအလိုက်ထွက်တဲ့ အော်ဂဲနစ်သီးနှံပြခန်း  ဆု၊ စိုက်ပျိုးရေးဆိုင်ရာထူးချွန်ခရိုင်ဆုမြို့နယ်ဆုတွေ ကိုလည်းအသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။

အလားတူပါပဲဒီနေ့ပွဲမှာ စိုက်ပျိုးရေး ထူချွန်ဆုရ တောင်သူတွေက သူတို့ရဲ့စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံတွေကို ပြန်လည်မျှဝေဆွေးနွေးတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်နဲ့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ရုံးချုပ်က ပညာရှင်တွေက ဆီထွက်သီးနှံနေကြာနဲ့ နွေနှမ်းတို့ကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဘို့ ရည်ရွယ်ပြီး အသိပညာပေး ဆွေးနွေးပွဲကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားတက်ရောက်တဲ့ တောင်သူတွေအနေနဲ့ သူတို့ရရှိတဲ့အတွေ့အကြုံနဲ့ စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတတွေကို ကိုယ်ရပ်ရွာဒေသက တောင်သူတွေဆီကို လက်ဆင့်ကမ်းပြန်လည်မျှဝေပေးဖို့ တိုက်တွန်းလိုကြောင်း ပြောကြားလို့ပါတယ်။

ဒေါ်ညိုညိုသိမ်း (ခရိုင်ဦးစီးမှူး သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာန)

ကျွန်မတို့ ပဲခူးတိုင်းဒေသကြီးအစိုးရက ကြီးမှူး ကျင်းပတဲ့ ၆၃ နှစ်မြောက် တောင်သုလယ်သမားနေ့ အခမ်းအနားမှာ သာယာဝတီခရိုင် ၆ မြို့နယ်ကစိုက်ပျိုးတဲ့ သီးနှံတွေ ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့်တွေရဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေကို လာရောက် ပြသတာဖြစ်ပါတယ်။

ကျွန်မတို့ပြခန်းတွေလာရောက် ဖွင့်လှစ်ပြသရခြင်းက စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံဖြစ်လို့ တောင်သူတွေအနေနဲ့  မျိုးကောင်းမျိုးသန့်တွေနဲ့ ခေတ်မီစိုက်ပျိုးနည်စနစ်တွေကို လိုက်နာမယ်ဆိုရင် ထွက်နှုန်း‌တွေတိုးမယ် ဈေးကောင်းတွေရပြီ လူမှုစီးပွားဘဝတွေ တိုးတက်လာမယ် “မြေကြီးကရွှေသီးစေမည်” ဆိုတဲ့ဆောင်ပုဒ်လေးအတိုင်း ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။

တောင်သူတွေလာရောက်ကြည့်ရှု့ လေ့လာခြင်းအားဖြင့် သီးနှံတွေကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း စီးပွားဖြစ်စိုက်ပျိုးခြင်းအပြင် ဓာတုကင်းလွတ်တဲ့ သီးနှံစိုက်ပျိုး နည်းစနစ်တွေကို လည်း သိရှိလေ့လာ နိုင်မှာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းက တောင်သူတွေက ၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်း အနားမှာ စိုက်ပျိုးရေးဆိုင်ရာပြခန်းတွေ စိုက်ပျိုးနည်းစနစ်တွေကို လေ့လာခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုသီးနှံတွေ စိုက်ပျိုးအောင် မြင်ဖြစ်ထွန်းတယ် ဘယ်လိုစိုက်ပျိုးရမယ်ဆိုတဲ့ အသိပညာတွေကို ဖလှယ်နိုင်မှာဖြစ်လို့ များစွာအကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။

နောက်ဆုံး‌‌အနေနဲ့ ပြည်သူတွေ တောင်သူတွေ အားလုံး အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံတဲ့ စိုက်ပျိုးသီးနှံတွေကို တစ်နိုင်တစ်ပိုင်ဖြစ်ဖြစ် စီးပွားဖြစ်ပဲဖြစ်ဖြစ် စိုက်ပျိုးကြပါလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်ရှင့်။

ဒေါ်ကေသွယ်စိုး (ဦးစီးအရာရှိ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန)

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့အတူ တောင်သူဦးကြီးတွေကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပဲခူးတစ်တိုင်းလုံးရဲ့ MSME ထုတ်ကုန်တွေကို လာရောက် ခင်းကျင်းပြသရခြင်းဖြစ်ပါတယ်။

တောင်သူဦးကြီးတွေအတွက် ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန်တွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းတွေကို ဈေးနှုန်းချိုချိုနဲ့  အလွယ်တကူ ဝယ်ယူရရှိနိုင်စေဖို့ ရည်ရွယ်ပြီး လာရောက်ခင်းကျင်း ပြသရခြင်းဖြစ်ပါတယ်။

တိုင်းဒေသကြီးရဲ့ MSME ဒေသထွက်ထုတ်ကုန်တွေကိုတည်နရာတည်းမှာ တစ်စုတစ်စည်းထဲ လေ့လာကြည့်ရှုဝယ်ယူရရှိနိုင်ဖို့အတွက် ဒီကနေ့အခမ်းအနားမှာ အမျိုးပေါင်း(၈၀၀) ကျော်ပြသထား ပါတယ်၊ ဒါအပြင် ကျွန်မတိုင်းဒေသကြီးက MSME ထွက်ရှိတဲ ဒေသထွက်ကုန် ထုတ်ကုန်တွေကို ပဲခူး အရောင်းစင်တာ၊ ပြည်ခရိုင်အရာင်းစင်တာ၊ တောက်ငူခရိုင် အရောင်းစင်တာ တွေဖွင့်လှစ်ပြီးတော့ ရောင်းချပေးလျက်ရှိတယ်လို့ အသိပေးချင်ပါတယ်။

ဦးထွန်းထွန်းဦး (လုပ်ငန်းရှင် ရွှေဝါထွန်းလယ်ယာသုံးစက်ကိရိယာလုပ်ငန်း ပြည်မြို့)

ကျွန်တော်က လယ်ယာသုံး ခြောက်တန်းသွား ကောက်စိုက်စက် ဗီယက်နမ်စက်ကို ပုံစံယူပြုပြင် ပြောင်းလဲမှုတွေ အများကြီးပြုလုပ်ပြီး ထုတ်လုပ် ရောင်းချပေးတဲ့ လုပ်ငန်းရှင်ပါ ၂၀၂၃ ခုနှစ် ကစပြီး အခုအချိန်အထိ အစီးရေ ၅၀ ကျော် ရောင်းချပေးနိုင်ခဲ့ပါတယ် ဒီစက်က တစ်ရက်ကို ငါးဧက လောက် စိုက်ပျိုးနိုင်ပါတယ် ဓါတ်ဆီ တစ်လီတာကို နှစ်ဧကလောက် စိုက်ပျိုးနိုင်ပါတယ်

တောင်သူတွေကိုလက်ငင်းစနစ် အရစ်ကျစနစ် နှစ်မျိုးနဲ့ရောင်းချ ပေးပါတယ် ပြည်ပနိုင်ငံ ဗီယက်နမ်ကသွင်းရင် သိန်းတစ်ရာကျော်လောက် ကုန်ကျမှာဖြစ်ပြီး ကျွန်တော်လုပ်တဲ့စက်က ဒေသနဲ့ကိုက်ညီ အောင်ပြုပြင်ပြောင်းလဲထားပြီး ဈေးနှုန်းကလည်း သိန်းငါးဆယ် လောက်နဲ့ ခေါက်ချိုးသက်သာအောင် ပြုလုပ်ပေးထားပါတယ်။

ကျွန်တော် ဒီစက်ကလေးကို စတင်ထုတ်လုပ်ပြီး ကြော်ညာလိုက်တော့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကတွေ့ရှိပြီး လာရောက်အားပေးပါတယ် တိုင်းပြည်အတွက် အများကြီး လိုအပ်တယ်ဆိုပြီး များများထုတ်လုပ်နိုင်အောင် MSME ချေးငွေတွေချပေးတယ် လိုအပ်တဲ့ အကူအညီတွေကို လည်းပေးပါတယ်။

ပြီးခဲ့တဲ့တပေါင်းပွဲ ပြည်ထောင်စုအဆင့် MSME အရောင်းပွဲမှာလည်း ပြသပေးနိုင်ခဲ့လို့ တောင်သူတွေရဲ့ မှာယူမှုတွေကိုလည်း ရရှိခဲ့ပါတယ် တောင်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ တိုးတက် အောင်မြင်အောင် အခုလိုထုတ်လုပ်ကူညီခွင့်ရရှိလို့ များစွာ ဝမ်းသာမိပါကြောင်း ပြောကြားလိုပါတယ်။

ဦးတင်ရွှေ( မိုးစပါးထူးချွန်ဆုရတောင်သူ)

ကျွန်တော်က အုတ်ဖိုမြို့နယ် လွှစင်ကျေးရွာနေ တောင်သူဦးတင်ရွှေဖြစ်ပါတယ်၊ မိုးစပါး အထွက်နှုန်း တစ်ဧကကို ၁၈၃ ဒသမ ၂၅ တင်းထွက်ရှိတဲ့အတွက်  တောင်သူလယ်သမားနေ့ အခမ်းအနားမှာ မိုးစပါးအထွက်နှုန်းဆုကိုလာယူတာပါ၊ ဒီနေ့ အခမ်းအနားမှာ ခင်းကျင်းပြသထားတဲ့ သီးနှံမျိုးစုံတွေ စိုက်ခင်းတွေ လယ်ယာသုံးစက်ကိရိယာ ပြခန်းတွေကို ကြည့်ရှု့လေ့လာ ခွင့်ရရှိခဲ့ပါတယ် အခမ်းအနားကိုတက်ရောက်လာတဲ့ ပညာရှင်တွေဆီကလည်း စိုက်ပျိုးရေး နည်းပညာတွေကိုလည်း ရရှိခဲ့ပါတယ်။

ကျွန်တော်ရရှိထားတဲ့ နည်းပညာတွေကိုလည်း မြို့နယ်မှာရှိတဲ့ တောင်သူတွေဆီကို လက်ဆင့်ကမ်း ပြန်လည်မျှဝေပေးသွားမှာပါ မိုးစပါးသီးနှံကို အောင်အောင်မြင်မြင်နဲ့ စိုက်ပျိုးနိုင်ခဲ့လို့ ဆုချီးမြှင့်ပေးတဲ့ ဝန်ကြီးချုပ်ကြီးနဲ့ တာဝန်ရှိသူများကို အထူးပဲကျေးဇူးတင်ပါတယ်။

ဦးဝင်းဗိုလ် (မြေပဲစိုက်တောင်သူ မင်းလှမြို့နယ်)

ကျွန်တော်က တောင်သူလယ်သမားနေ့ အခမ်းအနာကို မြေပဲစိုက်တောင်သူအနေနဲ့ တက်ရောက် လေ့လာခဲ့ပါတယ်။

ဆီထွက်သီးနှံ မြေပဲကို မျိုးရွေးချယ်နည်း စိုက်ပျိုးမြေပြုပြင်နည်း သွင်းအားစုတွေကို စနစ်တကျ အသုံးပြုနည်းတွေကို စိုက်ပျိုးရေး ပညာရှင်တွေဆီက လေ့လာခွင့်ရရှိခဲ့ပါတယ်။

နှစ်ပေါင်းများစွာ စိုက်ပျိုးခဲ့တဲ့ မြေပဲကို နောင်နှစ်တွေမှာ အထွက်နှုန်းတိုးတက်လာအောင် စိုက်ပျိုးနိုင်တော့မှာဖြစ်လို့ ဝမ်းသာ‌ ကျေနပ်မိပါတယ်။

တွေ့ဆုံမေးမြန်း (ဇေယျာထွန်း - ကြို့ပင်ကောက်)

ဓာတ်ပုံ (ပေါက်စ- မင်းလှ)