ပွင့်ဖြူမြို့နယ်၌ ဆောင်းရာသီက စိုက်ပျိုးသည့် ထောပတ်ပဲသီးနှံ (၃၀၄၂) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ မတ် ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲသီးနှံ (၃၀၄၂) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ (၉၇၀၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ ထောပတ်ပဲသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်က စတင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့ထိ (၃၀၄၂) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

“ဆောင်းသီးနှံစိုက်ပျိုးရာသီက ပွင့်ဖြူမြို့နယ်အတွင်း ထောပတ်ပဲသီးနှံ (၉၇၀၆) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ ထောပတ်ပဲစိုက်ခင်းများကို ဇန်နဝါရီလမှစပြီး ဒေသခံတောင်သူတွေက ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး ဒီနေ့ထိ ထောပတ်ပဲ စိုက်ဧက  (၃၀၄၂) ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ပါတယ်။ တစ်ဧကကို (၂၄) ဒသမ (၁၂) တင်း ထွက်ရှိပါတယ်။ ထောပတ်ပဲ သီးနှံရိတ်သိမ်းခြွေလှေ့ခြင်းနဲ့ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုမဖြစ်အောင် စနစ်တကျ ရိတ်သိမ်းခြွေလှေ့နည်းနဲ့ ရိတ်သိမ်းပြီး သီးနှံများ စနစ်တကျ သိမ်းဆည်းတတ်စေဖို့ တောင်သူတွေကို အသိပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်။ ထောပတ်ပဲသီးနှံက ဈေးကွက်မှာ အရောင်းအဝယ် ကောင်းမွန်ပြီး ဈေးကောင်းရရှိတာကြောင့် ဒေသခံ တောင်သူတွေက ဆောင်းသီးနှံရာသီမှာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။ 

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ထောပတ်ပဲစိုက်ပျိုး တောင်သူများကို သီးနှံကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေးအတွက် ဒေသနဲ့ ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားရောဂါအန္တရာယ်ကင်းရှင်းရေး၊ မြေဩဇာ စနစ်တကျ သုံးစွဲရေး၊ သီးနှံရိတ်သိမ်းချိန်၌ အချိန်မီ သီးနှံရိတ်သိမ်းနည်း စနစ်များကို တောင်သူများ သိရှိလိုက်နာနိုင်ရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထောပတ်ပဲသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရုံသာမက ပိုလျှံမှုကို ရောင်းချနိုင်မည်ဖြစ်သောကြောင့် တောင်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်၍ ဒေသမရွေး ထောပတ်ပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )