ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူး မတ် ၂

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှု ထူးချွန်ဆုရရှိသ့် အုတ်ဖိုမြို့နယ်မှ တောင်သူ ဦးတင်ရွှေ၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရရှိသည့် ပေါင်းတည်မြို့နယ်မှ တောင်သူ ဦးစိန်ထွန်း၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်ခရိုင် (ပထမဆု) ရရှိသည့် နတ္တလင်းခရိုင်၊ သီးထပ်စွမ်းအားနှင့်သီးနှံစိုက် စွမ်းအားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ထူးချွန်မြို့နယ် (ပထမဆု) ရရှိသည့် ပေါင်းတည်မြို့နယ်နှင့် (၆၃)နှစ် မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲပြခန်း ပထမဆုရရှိသည့် တောင်ငူခရိုင်ခရိုင်တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်း၊ ချည်မျှင်ရှည်ဝါနှင့် ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆုရ တောင်သူများ၊ သီးထပ်စွမ်းအားနှင့်သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် (ဒုတိယ၊ တတိယ)ဆုရရှိသည့် ထူးချွန်ခရိုင်/ မြို့နယ်ဆုများ၊ အထူးဆုရရှိသည့် မြို့နယ်များ၊ ပေါင်းတည် မြို့နယ်နှင့် (၆၃)နှစ် မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ပြခန်းဒုတိယဆုရရှိသည့် ပြည်ခရိုင်၊ တတိယဆုရရှိသည့် ပဲခူးခရိုင်နှင့် ပြခန်း အထူးဆုရရှိသည့် ခရိုင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံအထွက်နှုန်းအမြင့်ဆုံးရရှိအောင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ထူးချွန်တောင်သူများက မိမိတို့၏ စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံများအား အသီးသီး ရှင်းလင်း ပြောကြားခဲ့ပြီး သီးနှံစံပြစိုက်ခင်းများ၊ စားဖိုဆောင်သီးနှံစိုက်ခင်းများနှင့် တက်ရောက်လာသည့် တောင်သူများနှင့် ပဲခူးမြို့၊ တောင်သူလယ်သမားနေ့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်ကြသူများကို စတုဒိသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ နေကြာသီနှံ ကျွမ်းကျင်ပညာရှင် ဒေါက်တာခင်မျိုးဝင်းက နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်မှု နည်းပညာများကိုလည်းကောင်း၊ နှမ်းသီးနှံကျွမ်းကျင် ပညာရှင် ဒေါက်တာ ခင်ဆွေလှိုင်ထွန်းက နှမ်းသီးနှံဆိုင်ရာနည်းပညာများကိုလည်းကောင်း၊ ဒေါက်တာ ခင်ဇာကျော်က ဆီထွက်သီးနှံ ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာများကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် တောင်သူများက သိလိုသည်များ မေးမြန်းခဲ့မှုအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့လုပ်ငန်းရှင်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ထူးချွန်ဆုရတောင်သူများ၊ ခရိုင်(၆)ခုမှ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား/သူများ၊ စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်း (၁၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)