ပေါင်းတည်၌ နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

ပေါင်းတည် မတ် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အားကစားကွင်းတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို မတ်လ (၁) ရက်မှ မတ်လ (၁၄) ရက်အထိ ရက်သတ္တပတ် (၂) ပတ်ကြာ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ မည်သူမဆို လာရောက်တက်ရောက်နိုင်ကြောင်း သိရသည်။

ထိုသို့ သင်ကြားလေ့ကျင့်ပေးရာ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဒေါ်နီလာဝင်းက အနီးကပ်ကြီးကြပ်၍ နေ့စဉ် နံနက် (၈) နာရီမှ (၉) နာရီခွဲအထိ Aerobic/Fitness Dance သင်တန်း၊ နေ့လယ် (၂) နာရီခွဲမှ ညနေ (၃) နာရီခွဲအထိ ဝူရှူးသင်တန်းနှင့်ညနေ (၄) နာရီမှ (၅) နာရီအထိ ဘောလုံးသင်တန်းတို့ကို နည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြား ပြသပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ရွှေသား(IPRD)