ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ မုန့်ဖြူ မုန့်နီများကြော်၍ တပေါင်းလရိုးရာအခါ ပုန်းမကြီးတင်မြှောက်ပွဲများ ဆောင်ရွက်

ဆိပ်ဖြူ မတ် ၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများနှင့်ပြည်သူများက မုန့်ဖြူ၊ မုန့်နီများပြုလုပ်ကာ တပေါင်းလ ရိုးရာအခါ ပုန်းမကြီးအရှင်မ တင်မြှောက်ပူဇော်ပွဲကို ယမန်နေ့ နံနက်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ဒေသခံတောင်သူများနှင့်ပြည်သူများသည် ရှေးယခင်ကာလများက မိသားစုကျန်းမားရေးနှင့် စိုက်ပျိုးသီးနှံများစိုက်ပျိုးခြင်းနှင့် အောင်မြင်ဖြစ်ထွန်းခြင်း မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလတို့တွင် မိုးရွာသွန်းမှုတို့အတွက် ပုန်းမကြီးအရှင်မကစောင့်ရှောက်အသိပေးသည်ဟု အယူအဆများဖြင့် နှစ်စဉ်တပေါင်းလဆန်း (၃)ရက်နေ့တွင် ဒေသခံပြည်သူများနှင့် တောင်သူတို့၏နေအိမ်နှင့်စိုက်ပျိုးမြေများတွင် တင်မြှောက်ကြကြောင်း၊ ရှေးယခင်ကာလ လက်ဆင့်ကမ်းအသိပညာအနေဖြင့် တပေါင်းလဆန်း (၁) ရက်နေ့  မိုးဦး၊ တပေါင်းလဆန်း (၂) ရက်နေ့ မိုးလယ်၊ တပေါင်းလဆန်း (၃) ရက်နေ့ မိုးနှောင်း မိုးရွာသွန်းမှုကို လေတိုက်ခတ်မှုအပေါ်မူတည်၍ ရာသီဥတုခန့်မှန်း၍ မိုးမျှော်စိုက်ပျိုးဆောင်ရွက်ခဲ့ကြရကြောင်း၊ တပေါင်းလအခါရိုးရာရက်တွင် မုန့်ဖြူ မုန့်နီ မုန့်ဆီကြော်များကို အိမ်သို့လာရောက်သည့် ဆွေမျိုး၊ မိတ်ဆွေ ဧည့်သည်များတည်ခင်းကျွေးသည့်ဓလေ့မှာလည်း ဒေသ၏ပျော်ရွှင်ဖွယ်ဓလေ့တစ်ခုဖြစ်ကြောင်း  တပေါင်းလရိုးရာအခါနှင့်ပတ်သက်၍ ဒေသခံပြည်သူများက ပြောကြားသိရှိရသည်။

စိုးလင်းနိုင်(IPRD)