ပဲခူးမြို့၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်၌ ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိ

ပဲခူး မတ် ၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်ကို ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယမန်နေ့ ညနေပိုင်းက စတင်ကျင်းပလျက်ရှိရာ ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်တွင် ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့မှ တောင်သူများကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့် ဒေသထွက်ပြိုင်ပွဲဝင်သစ်သီးဝလံပန်းမန်များကို ခရိုင်အလိုက်ပြခန်းများဖြင့် ခင်းကျင်းပြသထားရှိကာ အလားတူဒေသထွက် လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်း၊ မွေးမြူရေးဆိုင်ရာပြခန်းများ၊ မွေးမြူရေးစံပြခြံများ၊ မျိုးစေ့နှင့်သွင်းအားစုပြခန်းများအပါအဝင် ဒေသထုတ်ကုန်အရောင်းပြခန်းပေါင်း ၁၀၀ ကျော်ဖြင့် ဒေသထွက်ကုန်အမယ်စုံ ၈၀၀ ကျော်ကိုလည်း ထည့်သွင်းပြသထားသည်။

ထို့အပြင် ပွဲတော်လာပြည်သူများအား စတုဒိသာကျွေးမွေးခြင်းအစီအစဉ်လည်းပါဝင်ကာ ညပိုင်းတွင်ဇာတ်သဘင်ပွဲ‌ဖျော်ဖြေမှုနှင့် ပွဲဈေးတန်းများ၊ ကလေးကစားကွင်းများနှင့် ပင်လယ်ဓားပြအပျော်စီးလှေအစရှိသည့် ပျော်ပွဲရွှင်ပွဲများလည်း စုံလင်စွာပါရှိပြီးပွဲတော်၌ လာရောက်လေ့လာကြသူများ၊ ဈေးဝယ်သူများနှင့် ပွဲဈေးလာပြည်သူများဖြင့် စည်ကားလျက်ရှိကာ ယင်းပွဲ‌တော်ကို မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)