ပေါင်းတည် မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက ပေါ်တော်မူဓမ္မာရုံကျောင်းတွင် ကလေးစာကြည့်တိုက်နှင့် နွေရာသီကွန်ပျူတာ ၊အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးနှင့်အဖွဲ့ဝင်ဆရာတော်များ၊ အကျိုးတော်ဆောင်များ၊ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပထမဦးစွာ နမောတဿ သုံးကြိမ်ရှိခိုး၍ အခမ်းအနားကိုဖွင့်လှစ်ပေးပြီး မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်က ငါးပါးသီလချီးမြှင့်၍ သြဝါဒမိန့်ကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးက စာကြည့်တိုက်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပေါ်တော်မူကျောင်း ကလေးစာကြည့်တိုက်ဥက္ကဋ္ဌက စာကြည့်တိုက်တည်ဆောက်တည်ထောင်ထားပုံနှင့် ရှေးလုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးမှူးက စာကြည့်တိုက်ငွေစာရင်းရှင်းတမ်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြပြီး ပေါ်တော်မူဓမ္မရုံကျောင်း ဆရာတော်က နွေရာသီကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း အကြောင်းတို့ကို ဆက်လက်မိန့်ကြားခဲ့သည်။
ယင်းနောက် ကြို့ပင်ကောက် မြို့လယ်ဓမ္မာရုံကျောင်းဆရာတော်က ငွေကျပ်သိန်း ၂၀ တန် ကွန်ပျူတာတစ်စုံ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ် စာစောင်များနှင့် စေတနာရှင်ပြည်သူများက စာအုပ်စာစောင်များ၊ အလှူငွေများ လှူဒါန်းကာ ပံ့ပိုးကူညီဖြည့်ဆည်းပေးခဲ့ကြသည်။
ထို့နောက်အခမ်းအနားကို ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် အဓိဋ္ဌာန်ပြု၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရွှေသား( IPRD)