ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးဖြစ်

ပွင့်ဖြူ မတ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ ဝါသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်သိမ်းဆည်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဝါသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူတွေက အထွက်နှုန်း လျော့နည်းမှုမဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စတင်သိမ်းဆည်းခဲ့ပြီး ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးပြီ ဖြစ်ပါတယ်။ ဝါသီးနှံသိမ်းဆည်းခြင်းနဲ့ပတ်သက်ပြီး တောင်သူတွေကို အချိန်မီ ရိတ်သိမ်းနည်းပညာနဲ့ သိမ်းဆည်းပြီးတဲ့ ဝါသီးနှံတွေ အရည်အသွေးကောင်းမွန်အောင်  စနစ်တကျ ထားသိုထိန်းသိမ်းတတ်စေဖို့ အသိပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်ပေးပါတယ်။ ချည်မျှင်ရှည်ဝါသီးနှံက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့ မိုးနှောင်းမှာ အားထားစိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာ ဝါသီးနှံစိုက်ခင်းတွေက ပိုးမွှားအန္တရာယ်ကင်းပြီး အောင်မြင်ဖြစ်ထွန်းမှုရှိကာ ယခင်နှစ်ကထက် အထွက်နှုန်းများ ကောင်းမွန်ခဲ့ပါတယ်။ တစ်ဧကကို ၅၃၁ ပိဿာ ထွက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများ ထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံပိုးမွှားရောဂါကင်းရှင်းရေး ကာကွယ်နှိမ်နည်းလမ်းများ စသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပွင့်ဖြူမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျစ်ကိုင်းကျေးရွာ၊ ရေပုတ်ကြီးကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ မဲဇလီကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ကုလားဟောင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာနဲ့ ရေပုတ်လေးကျေးရွာရှိ  ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေး ချည်မျှင်ရှည်ဝါ ရွှေတောင်(၈) ရွှေတောင်(၁၀) စသည့် ဝါသီးနှံမျိုးများကို အားထားစိုက်ပျိုးကြပြီး မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သီးနှံအထွက်နှုန်းများ ကောင်းမွန်ခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)