မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-ပြည်-မန္တလေးလမ်း (မကွေးမြို့ပတ်လမ်း)ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး မတ် ၁

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ရန်ကုန်-ပြည်-မန္တလေးလမ်း (မကွေးမြို့ပတ်လမ်း) (၄၈) ပေအကျယ် ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက် သည်။

ဦးစွာ ရန်ကုန် - ပြည် - မန္တလေးလမ်း (မကွေးမြို့ပတ်လမ်း)ကတ္တရာလမ်းအား မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစံမင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ယာယီမဏ္ဍပ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် လမ်း/ တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ကုန်စည်စီးဆင်းမှု သွက်လက်မြန်ဆန်စေရေးတို့အတွက် ဆောင်ရွက် ပေးနေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် လမ်းဦးစီးဌာန၏ မူဝါဒအရ ၂၀၃၀ ခုနှစ် နှစ်ရှည်စီမံကိန်း ပြီးဆုံးချိန်တွင် နိုင်ငံတကာဆက်သွယ်မှု လမ်းမကြီးများနှင့် ပြည်ထောင်စုလမ်းမကြီးများအား နေ့စဉ်ဖြတ်သန်းသည့် ယာဉ်စီးရေအပေါ် မူတည်၍ (၁၈) ပေအကျယ်၊ (၂၄) ပေအကျယ်၊ (၄၈) ပေအကျယ် ကတ္တရာလမ်း/ ကတ္တရာကွန်ကရစ် လမ်းများအဖြစ် ဆောင်ရွက်ရန်ဆိုသည့် မဟာဗျူဟာပါ အချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဖြစ်သည့်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုနဲ့တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြု ရန်ပုံငွေကျပ် (၂၁ ဒသမ ၈၅၃)ဘီလီယံခန့် အသုံးပြုပြီး လမ်းမိုင်ပေါင်း (၃၃)မိုင်ကျော်နှင့် တံတားပေါင်း (၁၅) စင်းတို့ကို ဆောင်ရွက်ပေးနေသည့်အတွက် လုပ်ငန်းပြီးစီးပါက မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သော ဒေသခံပြည်သူများ၏ ထုတ်ကုန်များ၊ သီးနှံများ ကုန်သွယ်ရောင်းချရာမှာ လုံခြုံလွယ်ကူချောမွေ့ ကောင်းမွန်သည့် လမ်း/ တံတားများကို အသုံးပြုသွားလာနိုင်ကြမှာဖြစ်ပါကြောင်း၊ ဒီကနေ့ဖွင့်လှစ်သည့် ရန်ကုန်- ပြည်- မန္တလေးလမ်း (မကွေးမြို့ပတ်လမ်း)အား မကွေးခရိုင်၊ မကွေးမြို့နယ်၊ လမ်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်တဲ့ လမ်းပိုင်းဖြစ်ပြီး ၁မိုင် ၄ဖာလုံ (၄၀၀') အရှည်ရှိပါကြောင်း၊ ရန်ကုန်- ပြည်-မန္တလေး အဝေးပြေးလမ်းပေါ်မှာပါဝင်တဲ့ အပိုင်းဖြစ်သော်လည်း မကွေးမြို့ပေါ်ရှိ မြို့ပတ် လမ်းပိုင်း ဖြစ်သည့်အတွက် မြို့နေလူထုနေ့စဉ် အသုံးပြုမှု များပြားလျက်ရှိပ်ကြောင်းနှင့် လက်ရှိအခြေအနေအရ နေ့စဉ် ယာဉ်စီးရေ (၉၀၀၀)ကျော် ဖြတ်သန်းအသုံးပြုလျက်ရှိကြောင်း၊  ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်လျက်ရှိသဖြင့် မြို့တွင်းလမ်း၊ မြို့ပတ်လမ်းများကို (၄၈) ပေအကျယ် (၄) လမ်းသွားလမ်းများအဖြစ် ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ ဆောင်ရွက်ပေးခဲ့တာဖြစ်ကြောင်း၊  ယခုလို နိုင်ငံတော်က လမ်း/တံတားများတည်ဆောက်ပေးခြင်း၊ လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးတို့အတွက် ဆောင်ရွက်ပေးခြင်းအား ကျေးဇူးသိတဲ့အနေနဲ့ ဒေသခံပြည်သူများကလည်း လမ်းများ ရေရှည်တည်တံ့ခိုင်မြဲပြီး မပျက်စီးရန် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အသုံးပြုထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန် - ပြည် - မန္တလေးလမ်း(မကွေးမြို့ပတ်လမ်း) ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်-ပြည်-မန္တလေးလမ်း (မကွေးမြို့ပတ်လမ်း) လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ