ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် သန့်ရှင်းသောမြေအောက်ရေသုံးစွဲနိုင်ရန် ဆိုလာရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်း(၂)ခု၊ သွားလာရေးအဆင်ပြေစေရန် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၅)ခု၊ ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း(၇)ခု စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာတစ်ရွာလျှင် (VDP)စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၅၀)စီ ထောက်ပံ့၍ ကျေးရွာပြည်သူများ၏ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာများကိုပံ့ပိုးကူညီပေးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင်ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလတွင် ဖွံ့ဖြိုးရေးလုပ်ငန်း(၁၄)ခုကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှာ မင်းတဲကုန်းကျေးရွာ၊ ကလန်ကျေးရွာ၊ ဒေးဒရဲကျေးရွာ၊ ရွာသာညွန့်ကျေးရွာ၊ ကမ်းဗြူကျေးရွာ၊ ဖိုးပေါက်စုကျေးရွာ၊ ရွာသစ်ကလေးကျေးရွာ၊ သမုန်းကုန်းကျေးရွာ၊ ကံလှကျေးရွာ၊ ရွှေလှေစုကျေးရွာ၊ သက်သာပန်းတောင်းကျေးရွာ၊ သူဌေးကုန်းကျေးရွာတို့ဖြစ်ပြီး ယခုအခါ ကျေးရွာနေပြည်သူများ၏ စုပေါင်းအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၄)ခုကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ စုစုပေါင်း အိမ်ခြေ ၁၅၄၂ အိမ်၊ အိမ်ထောင်စု ၁၆၆၈ စု၊ လူဦးရေ ၆၆၉၁ ဦးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)