ချောက် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးဦးဆောင်၍ ကောင်းကင်၊ သင်းရနံ့၊ ဂုဏ်၊ ဝင်းရွှေရည်မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မုန်မျိုးစုံလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများလုံလောက်မှု ရှိ မရှိနှင့် ခွင့်ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ် သုံးစွဲခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးတို့ကို သိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)