အထက်မင်းလှ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူက မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် မတ်လတွင် Grade-5၊ Grade-9 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုကြမည်ဖြစ်၍ ကျန်းမာရေး၊ သောက်သုံးရေဖူလုံစွာရရှိရေး၊ လျှပ်စစ်မီးအဆင်ပြေချောမွေ့စွာ ရရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးဆောင်ရွက်ရန်၊ မြေပြင်လူဦးရေစာရင်းကောက်ယူရေး ဆောင်ရွက်ရာတွင် သက်ဆိုရာဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာနည်းဥပဒေ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြေပြင်လူဦးရေစာရင်းကောက်ယူရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသပေးနေမှု အခြေအနေများ ကို ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)