တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က အဆိုပါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားသော လမ်းညွှန်မှာကြားချက်များကို ဖတ်ကြားရှင်းလင်းပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအနေဖြင့် မကြာမီကာလအတွင်း ဘဏ္ဍာရေးနှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မိမိရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိရန်လိုပါကြောင်း၊ ယခုကာလအတွင်း လုပ်ငန်းလိုအပ်ချက်အရ နယ်မြေကွင်းဆင်းရန်ရှိပါက လုံခြုံရေးအထူးဂရုပြုဆောင်ရွက်သွားရန်နှင့် မဖြစ်အနေမှသာ သွားလာရန် လိုပါကြောင်း၊ မတ်လ၃ရက်နေ့မှစ၍ Grade -5,Grade – 9 နှစ်ဆုံးစာမေးပွဲများနှင့် မတ်လ ၁၇ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း  ရှင်းလင်းပြောကြားခဲ့ပြီး တပေါင်းပွဲတော်ဆွမ်းသပိတ်လောင်းလှူနိုင်ရေး၊ နွေရာသီကျောင်းပိတ်ရက် ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရန် သင်တန်းဖွင့်လှစ်မည့်အခြေအနေများအား သက်ဆိုင်ရာဌာနအကြီးအကဲများက ရှင်းလင်းဆွေးနွေးခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)