မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မင်းဘူး ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မီသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မင်းဘူးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါရုံး၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနမှ သင်တန်းသားတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

​ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များကို မကြာခဏရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ မိမိတို့ဒေသများတွင်လည်း သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ဖြစ်ပွားလာပါက အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တပြေးညီ လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန် ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့်အညီ ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်သလို သဘာဝဘေးအန္တရာယ်များ မကျရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်ကာ လေ့ကျင့်ရေးလုပ်ငန်းများ အစဥ်အမြဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကြားမှ စွန့်စွန့်စားလုပ်ကိုင်ကြရသည့်အတွက် ကျွမ်းကျင်မှုနှင့်ကြံ့ခိုင်မှုကို အသုံးချကာ အသက်ပေါင်းများကို အောင်မြင်စွာကယ်တင်နိုင်ရန်လိုအပ်ပါကြောင်း၊ သင်တန်းကာလတစ်လျှောက် လျင်မြန်မှု၊ မှန်ကန်ထိရောက်မှု၊ စေ့စပ်သေချာမှုနှင့် ပြီးပြည်စုံသောလုံခြုံမှုတို့ဖြင့် သတိပြုဆောင်ရွက်ကာ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အမိန့်နှင့်ညွန်းကြားချက်များကို လေးစားလိုက်နာ ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသားများအား ရှာဖွေကယ်ဆယ်ရေးဝတ်စုံများပေအပ်ပြီး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများနှင့်မြို့ဧရိယာကို စောင့်ကြည့်လွှမ်းခြုံနိုင်သော မီးဘေးလုံခြုံရေးကင်မရာ (Commond and Control Room) ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းတွင် ခရိုင်နှင့်မြို့နယ်အတွင်းရှိ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် သင်တန်းသား(၃၅)ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၀ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ လေ့ကျင့်ခန်း ဘာသာရပ်များဖြင့် စနစ်တကျဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးဝင်းအတွင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ ၃၂၉ ဒသမ ၃၄၀ ကျပ်သန်းဖြင့် ဆောက်လုပ်လျက်ရှိသော (အလျား ပေ ၁၀၀ x အနံ ပေ ၃၀) အရွယ်အစားရှိ RCC (၂) ထပ်ဆောင် မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၏ တင်ပြအချက်များအပေါ်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)