ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာ(၇)ရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆိုပါကျေးရွာ(၇)ရွာမှ ဒေသခံကျေးလက်ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ကျေးရွာတွင်းလမ်းများအား အဆင့်မြှင့်တင်၍ ကျောက်ရောမြေနီလမ်းခင်းခြင်း၊ ဆိုလာစနစ်သုံး ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများကို တစ်ရွာလျှင် စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀၊ စုစုပေါင်းရန်ပုံငွေကျပ်သိန်းပေါင်း ၁၀၅၀ နှင့်ကျေးရွာပြည်သူထည့်ဝင်ငွေများကိုအသုံးပြုပြီး ၂၀၂၄ ခုနှစ် ဇွန်လမှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး ကျေးရွာပြည်သူများထံသို့ လုပ်ငန်းများလွှဲပြောင်းမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)