မြို့သစ် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းမှုကော်မတီ၏ လှူဒါန်းထောက်ပံ့ငွေဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့သည့် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ ပညာဘဏ်တိုက်စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာရေးနှင့် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က စာကြည့်တိုက်ရေရှည်ရှင်သန်ခိုင်မာရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ ရှင်းလင်းပြောကြားကာ ပညာဘဏ်တိုက်စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်ရန်ပုံငွေရရှိရေးဆောင်ရွက်မှုအခြေအနေ၊ စာအုပ်/စာစောင်တိုးပွားရေးဆောင်ရွက်မှုအခြေအနေ၊ စာအုပ်ငှားရမ်းမှု၊ စာကြည့်တိုက်ဖွင့်လှစ်မှုအခြေအနေနှင့် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)