မင်းလှ၌ (၇၆) ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲအောင် သံဃာတော်များအား ဆုချီးမြှင့်

မင်းလှ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၇၆) ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ရဟန်း၊ သာမဏေများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတသသုံးကြိမ်ရွှတ်ဆိုဖွင့်လှစ်ပြီး၊ ဝိနယဓမ္မာနုဂ္ဂဟအဖွဲ့ဩဝါဒဆရာတော် ဥူးတေဇနိယထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒစကားများ မိန့်ကြားတော်မူခဲ့သည်။ ဝိနယဓမ္မာနုဂ္ဂဟအဖွဲ့ ဩဝါဒဆရာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးလှဌေးနှင့် အလှူရှင်များက ငွေများလှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှတန်းပေးဝေခဲ့ကြသည်။

ထို့နောက် (မင်းလှ - မိုးညို - အုတ်ဖို) သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ (ခ) မူလတန်း၊ (က) မူလတန်းတို့၌ ရဟန်း၊ သာမဏေ (၁၃၁) ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ စာမေးပွဲအောင်မြင်ခဲ့သော (ပထမကျော်) ရဟန်း၊ သာမဏေ(၅)ပါး အပါဝင်ရဟန်း၊ သာမဏေစုစုပေါင်း (၈၃) ပါးတို့အား အောင်ဆုလက်မှတ်နှင့် ဆုငွေများ၊ ဝတ္တုလှူဖွယ်ပစ္စည်း အသီးသီးချီးမြှင့် ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါစာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ထိ (၆) ရက်ကြာ မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)