တောင်ငူပညာရေးဒီဂရီကောလိပ်၌ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၄ ရက်နေ့မှစတင်၍ ကျင်းပခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဥ် ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့၏ ယှဥ်ပြိုင်မှုအား ကြည့်ရှုအားပေးသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ​ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြေးခုန်ပစ် (ကျား၊ မ)၊ ဘော်လီဘော (ကျား၊ မ)၊ ပိုက်ကျော်ခြင်း (ကျား)၊ စားပွဲတင်တင်းနစ် (ကျား၊ မ)၊ လွန်ဆွဲ (ကျား၊ မ) နှင့် ဘောလုံးအားကစား (ကျား၊ မ) ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အသင်းများ၊ အကောင်းဆုံးကစားသမားဆုရရှိသူများ၊ ပဲခူးတိုင်းဒေသကြီး (ကိုယ်စားပြု)၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မအင်ကြင်းခိုင်နှင့် တံခွန်စိုက်ဆုဖလားရရှိသည့် ဗန္ဓုလအသင်းကို ဆုဖလားချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)