သဲကုန်းမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

သဲကုန်း ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့မဈေး၌ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်များ၊ မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်၊ မိမိတို့နေအိမ်များ/ရုံးများတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်များ စနစ်တကျစီစဥ်ထားရှိရန် အသိပညာ​ပေးဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းထိုက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များဖြင့် ဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများအား ရှင်းလင်းသရုပ်ပြပေးခဲ့ပြီး သရုပ်ပြပွဲအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်​အေးဝင်းနှင့် ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဝင်များ၊ စျေးသူ/ စျေးသားများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)