ပွင့်ဖြူ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသတွင်းရှိ ပြည်သူများ သား/ငါးဝယ်ယူ စားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မ ဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးအတွက် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာနှင့် ကုန်းဇောင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးများသို့ သွားရောက်၍ သားငါးဈေးသည်များ ရည်ညွှန်းသတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေသခံပြည်သူလူထု စားသောက်ရေး အဆင်ပြေစေရန်နှင့် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသော ဈေးနှုန်းဖြင့် တစ်ပြေးညီ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ဈေးကော်မတီဝင်များနှင့်အတူ ရှောက်တောကျေးရွာနှင့် ကုန်းဇောင်းကျေးရွာ ကျေးလက် စည်ပင်သာယာဈေးသို့ သွားရောက်၍ သား/ငါးဈေးသည်များကို တွေ့ဆုံကာ (ဝက်၊ အမဲ၊ ဆိတ်) လိုင်စင်စီများမှ သား/ငါးများ ရောင်းချရာ၌ စားသုံးသူပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ရောင်းချနေသည့် သား/ငါးများနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှု ရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ်ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများအလိုက် (ဝက်၊ အမဲ၊ ဆိတ်) ဈေးဆိုင်ခန်းများတွင် သား/ငါးများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အရိုး /အသား အဆီ/အရွတ်များ ရောနှော၍ ရောင်းချခြင်း ရှိ/မရှိနှင့် အလေးချိန်ခွင် မှန်ကန်မှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )