ပခုက္ကူမြို့၌ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်

ပခုက္ကူ  ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ကလေးစစ်သား၏အဓိပ္ပါယ်၊ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် The Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရွယ်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီမံချက် (Plan of Action) ကို လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ အသက်(၁၈) နှစ်မပြည့်သူများ မပါရှိစေရေးအတွက်  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အသီးသီးအလိုက် စနစ်တကျကြပ်မတ် ဆောင်ရွက်နေမှုများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ကလေးစစ်သားပပျောက်ရေးအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများက ကလေးစစ်သားပပျောက်ရေးနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)