နတ်မောက် ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နွေရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲ့၌ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဈေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များပူးပေါင်းကာ မီးဘေးအန္တရာယ်ကင်းရှင်းရေး သရုပ်ပြလေ့ကျင့်ခြင်း၊ ဈေးအတွင်းရှိ ရေပိုက်ငုတ်များ ရေထွက်အားကောင်းမွန်မှု ရှိ မရှိ စစ်ဆေးခဲ့ကြသည်။ အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဈေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း