ဇီးကုန်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြိုနယ်တွင် ပါဠိပထမပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ဇီးကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ သမားတော်ကျောင်းတိုက် ရွှေပြည်တန်ဗိမာန်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ သမားတော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး၊ ဆရာတော်ထံမှ ဩဝါဒစကားခံယူခဲ့ကြသည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်မှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်တင်ခဲ့သည်။ ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သော ပထမငယ်အောင် သံဃာ (၂) ပါး၊ အခြေပြုမူလတန်းအောင် (၉) ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)